July 8, 2012

Information and Data

ကျွှန်တော်တို့သည် နေတဓူဝ သတင်း၊ အကြောင်းအရာ၊ အချက်အလက် အစရှိသည့် စကားလုံးများကို အသုံးပြုနေကြပါသည်။ သတင်းသွားယူရအောင်၊ အချက်အလက်တွေကို စုစောင်းရန်လိုသည်။ အကြောင်းအရာကို ရှာဖွေနိုင်သည် အစရှိသဖြင့် နေရာအမျိုးမျိုးတွင် အထက်ပါစကားလုံးများကို အသုံးပြုဘူးမည် ဖြစ်သည်။

အထက်ပါစကားလုံးများသည် တူညီပါသလားဟု မေးလာလျှင် မတူညီပါဟု အတော်များများ ဖြေဆိုကြမည်  ဖြစ်ပါသည်။ ဘယ်လိုမတူညီတာလဲဆိုသည်ကို စဉ်းစားဘူးပါသလားဟု ဆက်မေးလာပါက မစဉ်းစားဘူးပါ ဟု အဖြေကများမည် ထင်ပါသည်။ ကျွှန်တော်တို့ ဒီတစ်ခေါက် အိုင်တီနည်းပညာဘက်ပိုင်း အမြင်မှနေ၍ အကြောင်းအရာနှင့် အချက်အလက်တို့ အကြောင်းကို စဉ်းစားကြည့်ပါမည်။

ဘာကြောင့် ဒီစကားလုံးများ၏ ကွာခြားချက်ကို စဉ်းစားရန်လိုသနည်း ဟု မေးစရာရှိပါမည်။ ကျွှန်တော်တို့ နေ့တဓူဝ စကားပြောရာတွင် သိပ်ပြီးခွဲခြားရန် မလိုအပ်သော်လည်း၊ Database ကို လေ့လာမည် အသုံးပြုပြီး အပလီကေးရှင်းများအား တည်ဆောက်တော့မည် ဆိုပါက အကြောင်းအရာနှင့် အချက်အလက်တို့၏ ကွာခြားချက်ကို ရှင်းလင်းစွာသိမြင်ထားရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ 

ကျွှန်တော်တို့ ဤနေရာတွင် ခေါ်ဆိုသွားမည့် အချက်အလက်ဆိုသည်မှာ အိုင်တီဝေါဟာရ Data ကို ရည်ညွှန်းပါသည်။ တဖန် အကြောင်းအရာဆိုသည်မှာလည်း Information ကို ရည်ညွှန်းပါသည်။


Data



အချက်အလက် (Data) ဆိုသည်မှာ သဘာဝ ဖြစ်ရပ်များအား စမ်းသပ်၊ တိုင်းတာ၊ တွက်ချက်၍ ရရှိလာသော လက်ရှိဖြစ်ရပ်များ ဖြစ်ပြီး၊ စကားလုံး၊ ကိန်းဂဏန်း၊ ပုံသဏ္ဍန်၊ အသံ အစရှိသည့် မီဒီယာ ပုံစံများဖြင့် ဖော်ပြပေးနိုင်ပါသည်။ ဥပမာအားဖြင့် လူတစ်ယောက်၏ အချက်အလက်ဆိုပါက အမည်နှင့် လိပ်စာများသည် စာလုံးများဖြင့်ဖော်ပြနိုင်ပြီး၊ အသက်၊ ခန္ဓာကိုယ် အလေးချိန် အစရှိသည့် အချက်အလက်များသည် ကိန်းဂဏာန်းများ ဖြင့် ဖော်ပြလေ့ရှိပါသည်။ တဖန် မှတ်ပုံတင် ဓာတ်ပုံသည် ပုံသဏ္ဍန်ဖြင့် ဖော်ပြပေးသော အချက်အလက်များ ဖြစ်ကြပါသည်။

ဤကဲ့သို့သော အချက်အလက်များအား မည်သည့်အပလီကေးရှင်းများမှာ မဆို အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် Amazon မှာ ဈေးဝယ်သည့်အခါတွင်၎င်း၊ သန်းခေါင်စာရင်းတိုင်သည့်အခါတွင်၎င်း၊ ဗီဒီယိုငှားရန် မန်ဘာကဒ်လုပ်သည့်အခါတွင်၎င်း အထက်ပါအချက်အလက်များအား အသုံးပြုနိုင်မည် ဖြစ်ပါသည်။


Information


ဤနေရာတွင် ဆိုလိုသည့်အကြောင်းအရာဆိုသည်မှာ Information ကို ရည်ညွှန်းပါသည်။ Information ဆိုသည်မှာ လက်ခံရရှိသူက လိုအပ်နေသော အရာတစ်ခုဖြစ်ပြီး၊ လက်ခံရရှိသူအတွက် အကျိုး ဖြစ်ထွန်းစေနိုင်သော အချက်အလက်မျိုးကို ဆိုလိုပါသည်။ ဥပမာအားဖြင့် အခြေအနေအပေါ် မှုတည်၍ ဆုံးဖြတ်ချက်ကို ချမှတ်ရန် လိုအပ်သောအခါ၊ အချက်အလက်များအား သုံးသပ်ပြီး ရရှိလာသော ရလဒ်က ဆုံးဖြတ်သူ၏ အဆုံးအဖြတ်အား အကျိုးသက်ရောက်စေနိုင်သော အချက်အလက်များအား Information ဟု ခေါ်ဆိုပါသည်။ တနည်းဆိုရသော် အသုံးပြုသူအတွက် အကျိုးမရှိနိုင်သော အချက်အလက်များအား Information ဟု မသတ်မှတ်နိုင်ပါ။

Data နှင့် Information တို့၏ ကွာခြားချက်ကို သိရှိစေနိုင်ရန်၊ နမှုနာတစ်ခုကို စဉ်းစားကြည့်ပါမည်။ ဥပမာအားဖြင့် စတိုးဆိုင်တစ်ခု၏ အရောင်းစာရင်းအား သုံးသပ်နိုင်ရန် POS (Point Of Sale) စစ္စတမ်တစ်ခု ရှိသည် ဆိုကြပါစို့။ ကုန်ပစ္စည်းတစ်ခုရောင်းတိုင်း အရောင်းစာရေးက ဘားကုဒ်အား ဖတ်ပြီးတစ်ခုခြင်း မည်သည့်အချိန်က၊ ဘယ်လောက်ဖြင့်၊ ဘယ်နှစ်ခု ဝယ်ယူသွားသည်ဟု စာရင်းသွင်းပါမည်။ ထိုအချက်အလက်များအား Database တွင် သိမ်းဆည်းထားပါမည်။

စတိုးဆိုင်၏ အဝယ်တာဝန်ခံသည် ထိုအချက်အလက်များအား စာရင်းချုပ်ခြင်းအားဖြင့်၊ ဘယ်ကာလတွင် ဘယ်ပစ္စည်းသည် ရောင်းကောင်းပါသဖြင့် ဘယ်လောက်ဝယ်ထားသင့်သည်၊ ဒီပစ္စည်းအား ဝယ်ယူသူသည် အခြား ဒီပစ္စည်းအားလည်း တွဲဝယ်လေ့ရှိသောကြောင့်၊ တွဲဘက်ပစ္စည်းများကိုလည်း ကြိုတင် ပြင်ဆင်ထားသင့်သည် အစရှိသည့် ဆုံးဖြတ်ချက်များအား ချမှတ်နိုင်မည် ဖြစ်ပါသည်။

ဤကဲ့သို့ စုစောင်းထားသော အချက်အလက်များအား အသိဉာဏ် (Knowledge) အား အသုံးချကာ အသုံးပြုသူအတွက် အကျိုးရှိသော Information များအား ဖြစ်ပွားစေနိုင်ခြင်း ပင်ဖြစ်၏။ အဆိုပါ နမှုနာအား ကြည့်ခြင်းအားဖြင့် အချက်အလက်များအား စုစောင်းကာ ရရှိလာနိုင်သော Information နှင့် ထိုအချက်အလက်များအား စုစည်း၍ တွက်ချက်ယူခြင်း အားဖြင့် ရရှိလာနိုင်သော Information ဟူ၍ နှစ်မျိုး နှစ်စားရှိနိုင်ကြောင်း သိရှိနိုင်မည် ဖြစ်ပါသည်။


Data Base နှင့် Info Base


Database များ၏ ရည်ရွယ်ချက် အပေါ်မှုတည်၍ တည်ဆောက်ပုံမှ အစအသုံးပြုပုံတို့သည် လွန်စွာ ကွာခြား၏။ နားလည်လွယ်ကူစေရန် Data များအား အခြေခံ၍ အသုံးပြုလိုသော Database များအား ဤနေရာတွင် Data Base ဟု ၎င်း၊ Information များအား အဓိကထား အသုံးပြုလိုသော Database များအား ဤနေရာတွင် Info Base ဟု၎င်း အသုံးပြုသွားပါမည်။

Data ကို အခြေခံသော Data Base များသည် ရည်ရွယ်ချက်အမျိုးမျိုးတွင် အချက်အလက်များအား တူညီစွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ Database Management System (DBMS) များအား အသုံးပြုကာ၊ အချက်အလက်များအား ပတ်သက်ကြောင်းအား သတ်မှတ်ပြီး သိမ်းဆည်း ထားလေ့ရှိပါသည်။ အသုံးပြုသူတို့သည် မည်သည့်အချက်အလက်သည် Database အတွင်းတွင် မည်ကဲ့သို့ တည်ရှိသည်ကို ကြိုတင်သိရှိနိုင်ပြီး၊ မည်ကဲ့သို့ရှာဖွေပါက မည်သည့် အချက်အလက်များကို ရရှိနိုင်သည် ဆိုသည်ကို သိရှိနိုင်ပါသည်။

ဥပမာအားဖြင့် ဘဏ်လုပ်ငန်းများ၏ Online System များတွင်၊ ATM တစ်ခုမှ ငွေထုတ်သည့် ပရိုဂရမ်တစ်ခုကို စဉ်းစားကြည့်ပါမည်။ ဘဏ်စာရင်းပိုင်ရှင် တစ်ယောက်မှ ငွေထုတ်ယူသောအခါ ATM ၏ ငွေ အသွင်းအထုတ် ပရိုဂရမ်သည် Bank Account စာရင်းတွင် ထုတ်ယူလိုသည့် Account အား ရှာဖွေပါမည်။ တွေ့ရှိပါက လက်ကျန်စာရင်းတွင် ထုတ်ယူလိုသည့် ပမာဏအား ဆက်လက်ရှာဖွေပြီး၊ ထုတ်ယူလိုသည့် ပမာဏအတွင်း ဖြစ်ပါက၊ ထုတ်ပေးပြီး၊ လက်ကျန်စာရင်းအား ပြုပြင်သိမ်းဆည်းမည် ဖြစ်သည်။ ဤနေရာတွင် ငွေအသွင်းအထုတ် ပရိုဂရမ်သည် အချက်အလက်များအား အသုံးပြုသူဖြစ်ပြီး၊ Account နှင့် လက်ကျန်စာရင်းသည် မည်သို့ပတ်သက်ပြီး၊ Account တစ်ခု၏ လက်ကျန်စာရင်းအား မည်သို့ရှာဖွေရမည် ဆိုသည်ကို တိတိကျကျ သိရှိနေရန် လိုအပ်ပါသည်။

အခြားတစ်ဘက် Information ကို အခြေခံသော Info Baseများတွင်အချက်အလက် ရှာဖွေရာတွင် ဤသို့မဟုတ်။ ရှာဖွေလိုသော အချက်အလက်သည် Database ရှိနေ မရှိနေ ကြိုတင် သိရှိထားရန် မလိုအပ်ပါ။ ဥပမာအားဖြင့် Amazon Book Store တွင် လိုချင်သော စာအုပ်တစ်အုပ်ကို ရှာဖွေရာတွင် Keyword တစ်ခုဖြင့် စာအုပ်ခေါင်းစဉ်များအား ရှာဖွေပါမည်။ ထို့အပြင် ခေါင်းစဉ်တစ်ခုတည်းဖြင့် ရှာဖွေလိုသော Information အား ဖော်ပြနိုင်ခြင်း မရှိပါသဖြင့် ထိုစာအုပ်၏ စာသားအတွင်းရှိ Keyword များအား index အနေဖြင့် ဖွဲ့စည်းထားပြီး၊ index များအထိ ရှာဖွေ စေပါသည်။ ခေါင်းစဉ်များ၊ keyword index များတွင် ရှာဖွေ၍ ရရှိလာသော အချက်အလက်များအား ဖော်ပြပေးပါသည်။ တဖန် ရရှိလာသော ရလဒ်များသည် ရှာဖွေလိုသည့် အကြောင်းအရာ ဖြစ်ချင်မှ ဖြစ်နိုင်ပေလိမ့်မည်။ အကြောင်းများ ခေါင်းစဉ်နှင့် keyword များအား ဖွဲ့စည်းရာတွင် ကွာဟမှု့များ ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်ပါသည်။ ဤနေရာတွင် သတိပြုရန် အချက်မှာ Info Base တွင် ရှာဖွေ၍ ရရှိလာသော အချက်အလက်များသည် မိမိက လိုချင်နေသော အချက်အလက် ဟုတ်မဟုတ် ဆုံးဖြတ်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။


မှတ်ချက်။

ဆရာ Sata Hideto ၏ သင်ခန်းစာ မှတ်စုများမှပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
http://www.tiu.ac.jp/english2/departments/faculty/commercials/sato.html





ဆက်ပါဦးမည်။ လေးစားစွာဖြင့်။
မင်းလွင်

No comments:

Post a Comment