Java and Me


Java ကို စတင်သိရှိခဲ့သည်မှာ ၂၀၀၀ခုနှစ်လောက်က ဖြစ်ပါသည်။ မြန်မာပြည်တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၅နှစ်အထိတက်ခဲ့သော ကျွှန်တော်သည် ဂျပန်ရောက်တော့လည်း သက်ဆိုင်ရာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကို တက်ရောက်ရန်စဉ်းစားခဲ့သော်လည်း သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၏ ကျောင်းလခမှာ အလွန်ဈေးကြီးလွန်းပါသဖြင့် အခြားသော ဘာသာရပ်ကို ရွေးချယ်ရန် ဖြစ်လာပါသည်။

အတော်စဉ်းစားခဲ့ရပါသည်။ ဘာဆက်လုပ်ရင်ကောင်းမလဲ။ ဟော်တယ်မှာလည်းအလုပ်မလုပ်ချင်သလို အရောင်းစာရေးလဲ မလုပ်ချင်ပါ။ ထိုစဉ်က ဂျပန်မှာ နိုင်ငံခြားသားတွေ အလုပ်ရှာရတာအလွယ်ဆုံးလဲ ဆိုသည်ကို သွားရှာကြည့်ပါသည်။ ကွန်ပျုတာနှင့်ပတ်သက်သော အလုပ်များသည် လခလည်းကောင်း၍ နိုင်ငံခြားသားများလည်း အတော်များသော အလုပ်မျိုးဖြစ်ပါသည်။

သည်လိုနှင့် Tokyo International University တွင် Information And Business Management ဘာသာရပ်ကို လေ့လာရန် ဖြစ်လာခဲ့ပါသည်။ ကျောင်းရောက်တော့လည်း ကွန်ပျူတာပရိုဂရမ်မင်းနဲ့ ပတ်သက်ပြီး C နဲ့ Basic ကို လေ့လာခဲ့ပါသည်။ Java နဲ့ စတင်သိရှိခဲ့သည်မှာ ပဋ္ဌမနှစ် ဒုတိယနှစ်ပတ်လည် တွင်ဖြစ်ပါသည်။ Object Oriented ဘာသာရပ်ကို လေ့လာရင်း Java ဘာသာရပ်နှင့် သိရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိသဘာဝနှင့် ဆော့ဖ်ဝဲများကို နှိုင်းယှဉ်ပြီး စဉ်းစားသော Object Oriented ၏ အတွေးအခေါ်ကို နှစ်သက်ခဲ့သော ကျွှန်တော်သည် Java ဘာသာရပ်ကို အရူးအမူးဖြစ်ခဲ့ပါသည်။ သည်လိုနဲ့ ဘွဲ့ရသည်အထိ တက်နိုင်သလောက် Java နဲ့ ပတ်သက်တဲ့ သင်ခန်းစာများကို လျှောက်ယူခဲ့ပြီး၊ Seminar မှာလည်း Java နှင့် Business Software Development အကြောင်းကို လေ့လာခဲ့ပါသည်။

သည်လိုနဲ့ ဘွဲ့ရပြီး အလုပ်ထဲရောက်ပြန်တော့ ပဋ္ဌမတစ်နှစ်က C++ နဲ့ Shell နဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်ခဲ့ပြီး၊ နောက်ပိုင်း တောက်လျှောက် Java နဲ့ ပတ်သက်တဲ့ အလုပ်များပဲဖြစ်ပါသည်။ Java ဟာ ကျွှန်တော့်အတွက်တော့ မြင်မြင်ချင်းချစ်ခဲ့ရသော ငယ်ချစ်ဦးတစ်ယောက်နဲ့ တူသလို၊ မယားကြီး တစ်ယောက်လို ဖြစ်ပါသည်။ Java နဲ့တွေ့ပြီးတဲ့နောက် C#, PHP, Ruby နဲ့ Python အစရှိသော ဘာသာရပ်များကိုလည်း ထိတွေ့ခဲ့ဘူးပါသည်။ သို့ပါသော်လည်း ငါ့မယားကြီး ချက်တဲ့လက်ယာလောက် ဘယ်ဟင်းမှမကောင်းဘူး ဆိုသလို၊ Java ဆီကိုပဲ ပြန်လာခဲ့မြဲဖြစ်ပါသည်။

စတင်သိရှိခဲ့စဉ်က Java 1.4 ဖြစ်ခဲ့ပြီး၊ Java 5၊ Java 6 နှင့် ဒီနှစ်၂၀၁၁ခုနှစ်ထဲမှာပင် Java 7 ထွက်ပေါ်လာတော့မည်။ ပြောရမည် ဆိုလျှင် Java ကို အပျိုဖျန်းလေးအရွယ်ကတည်းက စတင်သိရှိခဲ့ပြီး အသက်ကြီးသွားသည်အထိ အရိပ်တကြည့်ကြည့်နှင့် နေသွားပါဦးမည်။ ကျွှန်တော်မြတ်နိုးသော Java ရဲ့အကြောင်းကို ဤဘလောဂ်ဖြင့် ဖော်ပြသွားပါဦးမည်။